Showing posts with label ရေးမိရေးရာ. Show all posts
Showing posts with label ရေးမိရေးရာ. Show all posts


အားနာခြင်းတဲ့... မြန်မာလူမျိုးတော်တော်များများ ဒီစကားလုံးနဲ့ ရင်းနှီးသလို ဒုက္ခတွေလည်းတွေ့ခဲ့ဖူးကြမှာပါ။ ကြည့်တော့ စကားလေးသုံးလုံးတည်းပေမယ့် တစ်ခါတစ်ရံတော့ သူ့အစွမ်းက မသေးသလို ပြဿနာတွေလည်း အလုံးအရင်းနဲ့ ဆောင်ယူလာတတ်ပြန်ပါသေးတယ်။ တစ်ခြားလူတွေတော့ ဘယ်လိုရှိမယ် မပြောတတ်ပေမယ့် ကျွန်မအတွက်တော့ သိတတ်စ အရွယ်ကတည်းက အားနာခြင်းများနဲ့ နပန်းလုံးနေခဲ့ဖူးပါတယ်။

မှတ်မှတ်ရရ ကျွန်မ သုံးတန်းတက်တဲ့နှစ်မှာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းလေးက ကောက်ကာငင်ကာ တုတ်ကွေးမိပြီး အပြင်းဖျားခဲ့ပါတယ်။ သူ တစ်ပတ်ကျော်လောက် ကျောင်းမတက်နိုင်ခဲ့ဘူး။ စာတွေလည်း အကုန်လွတ်ပေါ့။ ကျွန်မတတ်နိုင်သလောက် စာတွေကူးပေးခဲ့သလို သူလည်း ဆေး တော်တော်များများသောက်အပြီးမှာ နလန်ထခဲ့တယ်။ အဲ.. သူနေပြန်ကောင်းစ တစ်ညမှာတော့ သူ့အမေကြီး ကျွန်မအိမ်ကို ပေါက်ချလာပါတယ်။ အကြောင်းကတော့ လွတ်သွားတဲ့စာတွေအတွက် သူငယ်ချင်းကို ကူညီရှင်းပြပေးစေချင်လို့ လာခေါ်တာပါ။

သိတာမသိတာ အပထား ဖောရှောလုပ်ဖို့ဆို နှစ်ယောက်မရှိတဲ့ကျွန်မ ပုံမှန်ဆို ကပြီးတောင် လိုက်သွားမှာ။ ဒါပေမယ့် အန်တီကြီးလာခေါ်တဲ့အချိန်ကိုလည်း ကြည့်ပါဦး။ ညက ၈ နာရီကျော် ၊ မီးကပျက်၊ မိုးက သည်းကြီးမည်းကြီးရွာနေတဲ့အပြင် သိမ်ဖြူလမ်းရဲ့ထုံးစံအရ ရေကလည်း ခြေသလုံးတ၀က်လောက်ထိ တက်နေသေးတယ်။ ကျွန်မ အမေကတော့ တစ်ချက်လွှတ်အမိန့်ကို ခပ်တိုးတိုးကပ်ပြောပါတယ်။ လိုက်မသွားရဘူးတဲ့.. သူတောင် သူ့သမီးလေးကို မိုးမထိစေချင်လို့ ခေါ်မလာတာ သမီးကိုလည်း အမေ မလွှတ်နိုင်ပါဘူးတဲ့လေ။ အမှန်တော့ ကျွန်မလည်းမသွားချင်ဘူး။ မိုးကအရမ်းသည်းနေတဲ့အပြင် နောက်နေ့လည်း ကျောင်းကတက်ရဦးမယ်လေ။ တွေဝေစွာနဲ့ ဝေခွဲမရဖြစ်နေတဲ့ ကျွန်မကို အန်တီကြီးက ‘ကူညီပါ သမီးရယ်’ တဲ့…။

ကဲ… ပြောနေစရာတောင်လိုမယ် မထင်ဘူးနော်။ အားနာတတ်တဲ့ ကျွန်မ အားနာနာနဲ့ပဲ မိုးထဲလေထဲ အိမ်အရောက် စာသွားရှင်းပြပေးခဲ့ပါတယ်။ မီးကပျက်နေတော့ ဖယောင်းတိုင်အားကိုးနဲ့ပေါ့။ သင်္ချာ ပုစ္ဆာတွေကို ကိုယ်က အကြမ်းဖျဉ်းဆရာလုပ်၊ သူက ချတွက်နဲ့ ဟုတ်နေရာက ဘယ်ကဘယ်လိုဖြစ်တယ် မသိဘူး ..ကျွန်မ မှေးခနဲ ငိုက်သွားတယ်။ နှာခေါင်းဝကို တိုးဝင်လာတဲ့ ညှော်နံ့တစ်ခုကြောင့် ဆတ်ခနဲ လန့်အနိုးမှာ သိလိုက်တာက ငါတော့ သွားပြီဆိုတာပဲ။ ဟုတ်တယ်လေ။ နှစ်ယောက်ကြားမှာ ချထားတဲ့ ကိုရွှေဖယောင်းတိုင်မီးက တစ်ချက်အငိုက်မှာ ကျွန်မရဲ့ ဘောလုံးကေဆံပင်လေးကို ကောင်းကောင်းဖျက်ဆီးလိုက်ပြီ။ ကျွန်မ ဆံပင်ရှေ့တစ်ခြမ်း မီးကျွမ်းသွားပြီလေ။ ပြောင်စပ်စပ် ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ငိုရမလို ရီရမလို အီလည်လည်ကြီးနဲ့ အိမ်ကို ပြန်ရောက်ခဲ့ပါတယ်။ အမေက သူမသွားဖို့ ပြောရဲ့နဲ့ သွားပြီး ဖြစ်လာတာမို့ မသနားတဲ့အပြင် ဂရုဏာဒေါသနဲ့ ဆူပူနေပြန်သေးတယ်။ စိတ်ကြီးရယ် ညစ်လှချည်ရဲ့.. :( :(

မှတ်မှတ်ရရပါပဲ... အားနာဖို့ပဲ သိတဲ့ ကျွန်မ မိုးလေအရှိန်နဲ့ နောက်နေ့မှာ အပြင်းဖျားခဲ့သလို အဲဒီလ ဖြေတဲ့ စာမေးပွဲမှာလည်း သူငယ်ချင်းလေးထက် အဆင့်နိမ့်ခဲ့ပါတယ်...ကိုယ့်အပြစ်နဲ့ ကိုယ်ပဲမို့ မျက်နှာငယ်ငယ်နဲ့ အမေ့ကို ရီပို့ကတ်ပြရုံမှ တပါး အခြားမရှိပြီပေါ့လေ.. :( :( ။ ဒီလောက်နဲ့ မှတ်မယ်လို့တော့ မထင်နဲ့နော်.. ဒါက အစပဲရှိသေးတယ်.. လာဦးမည် ..ကြာဦးမည်..မျှော်.... :D ။

ဘလော့ဂ်အကြောင်း


ဘလော့ဂ်အကြောင်းကို ဘလော့ဂ်လုပ်ပြီး လ၀က်နေမှ ထရေးတဲ့လူဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိမယ်ထင်ပါရဲ့..:D။ ဘလော့ဂ်အကြောင်းဆိုလို့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အဲလိုရေးဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ရင်ဖွင့်ဖော်ရဲ့ လာနေကျစာဖတ်သူတစ်ဦးက ပြောလာတဲ့ အကြောင်းအရာတစ်ခုကြောင့် ဒီစာလေးရေးဖြစ်ပါတယ်။

သူပြောတာကတော့ စေတနာနဲ့ပါ ။ ကဗျာလေးတွေကို ဒီထက် ပိုပြီး အားစိုက်ရေးကြည့်ပါတဲ့ ။ ကဗျာတွေက ရိုးနေတယ်တဲ့..။ အဲလိုပြောလို့ စိတ်တော့ မကောင်းပါဘူး ။ ဒါပေမယ့် လက်ခံပါတယ်။ ဟုတ်ပါတယ် ။ ဒီဘလော့ဂ်ကိုလည်း အပျော်သဘောလေးနဲ့ မလုပ်တတ် လုပ်တတ် တည်ဆောက်ထားတာပါ။ အားနည်းချက်တွေ မပြည့်စုံတာတွေအများကြီးရှိနေမှာ အသေအချာပါပဲ ။ လိုအပ်ချက်တွေရှိရင်လည်း ကူညီထောက်ပြပေးကြပါလို့...။

စာရေးတဲ့ အပိုင်းမှာလဲ ရေးတတ်လို့မဟုတ်ဘဲ.. ၀ါသနာအရ ခံစားမှူတွေကို ရင်ဖွင့်လို့ ရရုံလေး၊ ဘ၀အမောတွေကို လှစ်ဟပြနိုင်ရုံလေး ရည်ရွယ်ပါတယ်။ ဒါကြောင့်လဲ နာမည်လေးကို ရင်ဖွင့်ဖော်လို့ပေးမိတာပါ ။ ရင်ဖွင့်ဖော်မှာ ကဗျာအများစု ရှိနေမှာဖြစ်ပြီး အားရင်အားသလို ဘလော့ဂ်ပေါ်မှာခြေရှူပ်လို့ မအားရင်လည်း လှည့်ကြည့်ဖြစ်မှာ မဟုတ်ပါဘူး..:D..(ကြိုစကားခံထားတာလေ)။ တကယ်လို့များ ရင်ဖွင့်ဖော်က စာတွေဟာ စာဖတ်သူကို အားမလို အားမရဖြစ်စေတယ်..လိုချင်တဲ့ ရသကို အပြည့်အ၀ မပေးနိုင်ခဲ့ဘူး....ပြီးတော့ စာအသစ်မှန်မှန်မတင်နိုင်ခဲ့ဘူးဆိုရင် သည်းခံခွင့်လွှတ်ပြီး အားပေးကြပါလို့ တောင်းပန်ရင်း ဒီမှာပဲ နားလိုက်ပါဦးမယ်...။ ရွှင်လန်းချမ်းမြေ့ကြပါစေရှင် ။