အချိန်လွန် နောင်တ


ဒီနေ့မှာ ... ကျွန်မ စိတ်မကောင်းဖြစ်နေပါတယ်.. နားမလည်ခြင်းများစွာနဲ့ စိတ်တွေရှူပ်ထွေးနေပါတယ်။ ဖြေမယ့်သူ မရှိတဲ့ မေးခွန်းပေါင်းများစွာနဲ့ ချောင်ပိတ်မိနေပါတယ်။ မမျှော်လင့်ထားတဲ့ အရာတစ်ခုကို မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ကြားလိုက်ရလို့ပါ။ ဟုတ်ပါတယ်။ ဒါတွေအားလုံး သူ့ကြောင့်ပါပဲ။ သူက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်..။ အတူတွဲလုပ်ချိန် တစ်နှစ်နီးပါး ကြာလာတာနဲ့အမျှ ကိုယ့်ဆိုင်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ်ထက် အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လိုတောင်ဖြစ်နေခဲ့တဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။

ဒီနေ့ ...ကျွန်မ နေ့လည် ၃နာရီလောက်မှာ အလုပ်စ၀င်ဖို့ ပြင်တယ်။ သူကတော့ အခြားဝန်ထမ်းတစ်ယောက်နဲ့ အတူ မနက်ပိုင်း ဆိုင်ဖွင့်ဖို့ တာဝန်ကျသူပါ။ အလုပ်ချစ်သူ ကျွန်မမှာ အကျင့်တစ်ခု ရှိတယ်။ အဲဒါက ဆိုင်ထဲမ၀င်ခင် အပြင် ခပ်လှမ်းလှမ်းက ကိုယ့်ဆိုင်ကို လှမ်းအကဲခတ်တတ်တဲ့ အကျင့်ပါ။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေ ဘာလုပ်ပြီး ဆိုင်မှာ ဘာဖြစ်နေလဲဆိုတာ သိချင်လို့လည်း ဖြစ်ပါတယ် ( ဒါကို အပြစ်ရှာတတ်တဲ့ အကျင့်လို့ ပြောလည်း ကျွန်မလက်ခံပါတယ် )။ ပုံမှန်ဆို ကျွန်မ မရှိရင် ဆိုင်ရှေ့မှာ ရပ်လို့ ဈေးဝယ်ကို greeting လုပ်သူ မရှိပါဘူး။ ဘယ်လောက်ပြောပြောလည်း ခဏပါပဲ။ ကိုယ်ရှိရင် greeter ရှိပြီး ကိုယ်မရှိရင်တော့ ဗလာနတ္ထိပါပဲ။ အဲ...ဒီနေ့တော့ ထူးခြားပါတယ်။ ဆရာသမားက ခပ်တည်တည်ပဲ ဆိုင်ဝမှာ ရပ်နေပါတယ်။ ရုတ်တရက်တော့ ကျွန်မ ၀မ်းသာသွားတယ်။ အော်..ငါမရှိလဲ သူတို့တာဝန်ကျေရှာပါတယ်ပေါ့။

သေသေချာချာ ဂရုစိုက်ကြည့်မိတော့ သူက ရပ်ရုံ ရပ်နေတာသာ ဖြစ်တယ်။ ဈေးဝယ် သူ့ရှေ့က ဖြတ်ဝင်လာလဲ နှူတ်ခွန်းဆက်ဖို့ဆိုတာ ဝေလာဝေးလို့ သူ့ပုံစံက သိဟန်တောင်မတူဘူး။ အော်... စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး ဆိုတာ ဒါမျိုးထင်ပါရဲ့လို့ ကျွန်မ တွေးမိတယ်။ ကိုယ့်စိတ်နဲ့ မတွေ့ပေမယ့် စိတ်ကောင်းဝင်နေချိန်မို့ မသိဟန်ဆောင်ပြီးပဲ ဆိုင်ထဲ ၀င်သွားလိုက်တယ်။ ကျွန်မကို မြင်လိုက်တော့ အိပ်ရာက နိုးသလို ကယောင်ခြောက်ခြား ကြည့်တယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင် စနောက်ဖို့ဆိုတာ ဝေးလို့ ဟိုင်းတစ်လုံးတောင် သူ မပြောဘူး။ ဒီလူ ဒီနေ့တစ်မျိုးပဲ ဆိုပြီး ကျွန်မ နည်းနည်း စိတ်တိုသွားတယ် ။

ဒါပေမယ့် ကိုယ့်စိတ်ကိုယ်ကို ပြန်လျှော့လိုက်ပါတယ်။ ဘာလို့ဆို ဒီဆိုင်မှာ ဒီလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီနေ့နောက်ဆုံးတွေ့ရခြင်းပါ။ နောက်နေ့တွေက စပြီး ကျွန်မ တခြားတစ်နေရာမှာ တာဝန်ကျတော့မှာ ဖြစ်ပါတယ်။ ကိုယ့်အတွက် အတွေ့အကြုံတွေ အများကြီး ပေးခဲ့တဲ့ နေရာလေးတစ်ခုက နောက်ဆုံးနေ့လေးကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးချင်တယ်။ အမြဲတမ်း စက်ရုပ်တစ်ရုပ်လို ပြေးလွှားလုပ်ကိုင်နေခဲ့တဲ့ နေရာလေးမှာ နောက်ဆုံးနေ့လေးတော့ နားခွင့်ရချင်ပါတယ်..။

ဒါကြောင့် ကျွန်မ ကင်မရာလေးကို ထုတ်လိုက်တယ် ။ သူ ဓာတ်ပုံရိုက် ၀ါသနာပါတာ ကျွန်မသိတယ်။ ငါတို့ ပျော်ပျော်ပါးပါး ဓာတ်ပုံ ရိုက်ကြမယ်ပေါ့။ တခြား အဖွဲ့ဝင်တွေကတော့ ချစ်ခင် ၀မ်းနည်းတဲ့ အပြုံးကိုယ်စီနဲ့ ကျွန်မနဲ့အတူတွဲ ဓာတ်ပုံရိုက်ကြတယ် ။ ဆရာသမားကတော့ သက်မဲ့ကျောက်ရုပ် တစ်ခုလိုပါပဲ ။ အမှတ်တရ ဓာတ်ပုံလာမရိုက်သလို ခုနက တွေ့တဲ့နေရာမှာ မလှူပ်မယှက်နဲ့ ရပ်မြဲရပ်နေခဲ့တယ်။ သူ့ကို ကြည့်ပြီး ကျွန်မရဲ့ ပျော်ရွှင်စိတ်တောင် လွင့်ပါးလို့ တဖြည်းဖြည်း အံ့သြစ ပြုလာတယ်..။

ဒါ သူ့ပုံစံ မဟုတ်တာ ကျွန်မ အသိဆုံးဖြစ်တယ် ။ ကျွန်မကို ချစ်ခင်လေးစားတဲ့ ၊ စိတ်မတိုတိုအောင် စနောက်တတ်တဲ့ ၊ ဘယ်လောက် ဆူဆူပြောပြော အမြဲနားလည် ကူညီပေးတတ်တဲ့ ကျွန်မရဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်လေး တစ်ခုခုတော့ ဖြစ်နေခဲ့တာ သေချာပါတယ်။ ကျွန်မ ချဉ်းကပ်ပြီး မေးမြန်းစပ်စုဖို့ ပြင်တယ် ။ ဆရာသမားက ဒါကိုတော့ ရိပ်မိပုံ ရတယ် ။ ကျွန်မ လိုက်မမှီအောင် ပတ်ပြေးနေခဲ့တယ်။ မသိရင်တော့ အရမ်း အလုပ် များနေတယ်ပေါ့လေ..။

နောက်ဆုံးတော့ ကျွန်မ လက်လျှော့လိုက်တယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခုကြောင့် ဖြစ်မယ်လို့တော့ ထင်ပါတယ်။ ဖြစ်နိုင်ချေ အများဆုံးက သူ့အိမ်ထောင်ရေးကြောင့် ဖြစ်နိုင်တယ်။ ပုံမှန်ဆို ကျွန်မတို့ အချင်းချင်း ရင်ဖွင့်တိုင်ပင် အကြံဥာဏ်တောင်းနေကျပါ။ အခုတော့ ကာယကံရှင်က မပြောချင်တဲ့ အရာတစ်ခုအတွက် ကျွန်မရဲ့ ကူညီ အားပေးချင်တဲ့ စိတ်ကို လျှော့လိုက်မိတယ်..။ ဒီလိုနဲ့ မနက်တာဝန်ကျသူတွေ အိမ်ပြန်ချိန်ရောက်လာတယ်။ ကျွန်မရဲ့ နောက်ဆုံးနေ့ ပျော်ရွှင်ချင်တဲ့ စိတ်ကူးလေးလည်း သူ့ကြောင့် ကြက်ပျောက် ငှက်ပျောက်ပါပဲ..။

နောက်နေ့ကစပြီး မတွေ့ရတော့မယ့် ကျွန်မကို အားလုံးက နှူတ်ဆက်နေကြတယ်..။ ကျွန်မနဲ့ ခွဲခွာရခြင်းအတွက် သူ့ဆီက ၀မ်းနည်းခြင်းဖြစ်ဖြစ်၊ ပျော်ရွှင်မှူဖြစ်ဖြစ်၊ အရင်ကလို စိတ်ဆိုးအောင် စနောက်တာပဲ ဖြစ်ဖြစ် ကျွန်မ မျှော်လင့်နေခဲ့တယ်။ ဒါပေမယ့် သူကတော့ ၀ိဥာဉ်မဲ့လူ တစ်ယောက်လို ခပ်မဆိတ်နေနေခဲ့တယ်။ ဘာဖြစ်နေတာလဲ သူငယ်ချင်းရယ်..။ ကျွန်မ စိတ်ထဲမှာ ၀မ်းနည်းလာတယ်။ နောက်ဆုံး နှူတ်ဆက်စကားလေးတောင် မပြောနိုင်လောက်အောင် သူ ဘာအခက်အခဲတွေ ဖြစ်နေခဲ့သလဲ..။ ဒီလိုနဲ့ သူ ပြန်ဖို့ပြင်တယ်။ ဆိုင်ဝကို ရောက်ချိန်မှာ ..ဟော..သူ နောက်ပြန်လှည့်ကြည့်တယ်။ ကျွန်မကို သူ တစ်ခုခု စနောက်တော့မယ်လို့ ကျွန်မ တွေးထင်လိုက်မိတယ်။

ဆိုင်ထဲမှာ ရှိတဲ့ လူအားလုံးကို သူ တစ်ချက် ဝေ့ကြည့်တယ်။ ပြီးတော့ တိုးညှင်းစွာ သူသဲ့သဲ့လေး ပြောတယ်..

“ ငါမှားတာ ရှိရင် ခွင့်လွှတ်ပေးကြပါ ” တဲ့ ။

စကားအဆုံးမှာ သူ ချာခနဲ လှည့်ထွက်သွားခဲ့တယ်။ လေသံတိုးတိုးနဲ့ သူ့အပြောကို လူစုံ မကြားလိုက်ပေမယ့် ကျွန်မကတော့ ကောင်းကောင်းကြားလိုက်တယ်။ သူ ဘာသဘောနဲ့ ပြောသွားခဲ့တာလဲ??..ကျွန်မ သူ့ကို အော်ခေါ်ပြီး အမှီလိုက်ဖို့ ကြိုးစားတယ်.. ခြေလှမ်းကျဲနဲ့ လှည့်မကြည့်စတမ်း လျှောက်သွားတဲ့ သူ့ကို မှီအောင် မလိုက်နိုင်ခဲ့ဘူး။ ဘာလဲ.. ဒီစကားက ဘာကိုဆိုလိုတာလဲ?? နားမလည်မှူတွေနဲ့ ကျွန်မ ယောင်ချာချာ ကျန်ခဲ့တယ်။ အလုပ်ထဲမှာ အမှား မလုပ်မိအောင် မနည်းထိန်းပြီး လုပ်နေရပေမယ့် စိတ်ကတော့ သူ့ရဲ့ စကားသံနဲ့ အမူအရာတွေကို မြင်ယောင်နေခဲ့တယ်။ စိတ်ရှူပ်ရှူပ်နဲ့ ဒီလူ စိတ်ကူးပေါက်တာ မဟုတ်ရင်တော့ စိတ်ရူးပေါက်သွားပြီထင်ပါရဲ့လို့ ခပ်ရွဲ့ရွဲ့ တွေးမိတယ်..။

နောက် သုံးလေးနာရီလောက် အကြာမှာ ကျွန်မရဲ့ ဒွိဟတွေ အားလုံးကို ပျောက်ကွယ်စေမယ့် ဖုန်းခေါ်သံတစ်ခု ကျွန်မ လက်ခံရရှိခဲ့တယ်။ သူနဲ့ အတူနေတဲ့ သူ့အစ်ကိုဆီက အကြောင်းကြား ခွင့်တောင်းမှူလည်း ဖြစ်ပါတယ်။ သူ လတ်တလော အလုပ်လာနိုင်တော့မှာ မဟုတ်တဲ့အတွက် ဆေးခွင့်အဖြစ် သတ်မှတ်ပေးထားဖို့ ပြောတယ်။ ညနေကမှ ကျန်းကျန်းမာမာတွေ့နေတဲ့ လူတစ်ယောက်ဖို့ ဆေးခွင့်တောင်းနေတဲ့ သူ့အစ်ကိုကို “ သူဘာဖြစ်နေလို့လဲ ” လို့ ခပ်ဆတ်ဆတ်ပဲ ကျွန်မ မေးလိုက်မိတယ်။

အဲဒီနောက်မှာ သူ့အစ်ကို ပြန်ဖြေလိုက်တဲ့ အဖြေတစ်ခုဟာ ကျွန်မ နားထဲ မိုးခြိမ်းသံလို မြည်ဟိန်းသွားခဲ့တယ်..။

သူ .. ကိုယ့်ကိုယ်ကို သေကြောင်းကြံလို့ ဆိုပါလား...။

ဘုရားသခင်...ဒီလောက် ကိုယ့်ကိုကိုယ် ယုံကြည်မှူ အပြည့်နဲ့လူ၊ အမြဲတမ်း လူတကာကို စနောက်ပြီး ပျော်အောင် နေတတ်သူ၊ ကျွန်မရဲ့ ယုံကြည်အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းကောင်းတစ်ယောက်..။ ဘယ်လို အကြောင်းအရာ၊ အခြေအနေမျိုးကများ တွန်းပို့လို့ ကိုယ့်ဘ၀ကို အဆုံးစီရင်ချင်လောက်အောင် ဖြစ်သွားခဲ့ရတာလဲ သူငယ်ချင်းရယ်...
ဖြေသူမရှိတဲ့ မေးခွန်းတွေထဲမှာ နားမလည်ခြင်းများစွာ စွက်လို့ ကျွန်မချောင်ပိတ်မိနေခဲ့ပါတယ်...။

ကိုယ့်ရဲ့ အနီးကပ်ဆုံး လူတစ်ယောက် ၊ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိလောက်အောင် အသုံးမကျခဲ့တာ ကျွန်မပါပဲ..။
ယူကြုံးမရခြင်း များစွာထဲမှာ ကျွန်မအတွက် ဖြေသိမ့်စရာဆိုလို့ သူ့အသက်ကို အချိန်မှီ ကယ်လိုက်နိုင်တယ် ဆိုတဲ့ စကားလေးတစ်ခွန်းပဲ ရှိပါတော့တယ်..။

တကယ်လို့ပေါ့ ... သူ ပြန်ကျန်းမာလာခဲ့မယ် ဆိုရင်...ကျွန်မလည်း သူနဲ့ တွေ့ခွင့်ရဦးမယ် ဆိုရင်.. သူ့မျက်နှာ ညိုတိုင်း ကျွန်မ မပျက်မကွက် မေးဖို့ ဆုံးဖြတ်လိုက်တဲ့ မေးခွန်းလေး ရှိတယ်။ သူ ဘယ်လောက် ကွေ့ပတ်ရှောင်ရှောင်၊ ဘယ်လောက်ပဲ ကျောက်ရုပ်လုပ်လုပ် ၊ ကျွန်မ သူ့ကို ရအောင်မေးမယ်..။ အဲဒါက “ နင်ဘာဖြစ်နေလို့ .. ငါ ဘာကူညီနိုင်မလဲ သူငယ်ချင်း ” ဆိုတဲ့ ရိုးရှင်းသလောက် အဓိပ္ပါယ်ရှိတဲ့ မေးခွန်းလေးပဲ ဖြစ်ပါတယ်..။

ကျွန်မတို့ရဲ့ ဘ၀တစ်လျှောက်မှာ ကိုယ့်ဒုက္ခမှ ဒုက္ခမှတ်ပြီး ဘေးလူတွေကို လျစ်လျူရှူမိတဲ့ အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ရှိခဲ့တယ်။ ကိုယ့်ဘေးက အရင်းနှီးဆုံးလူ ပျောက်ကွယ်သွားမှ “အော်.. ငါ.. ဒါလေးတောင် မသိခဲ့လေခြင်း..မလုပ်ပေးမိလေခြင်း ” ဆိုတဲ့ နောင်မှ ရတဲ့ နောင်တတွေနဲ့ ယူကြုံးမရ ဖြစ်နေတတ်တယ်။ အတူရှိနေတဲ့ အချိန်လေးတွေမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဂရုစိုက်နေခဲ့ရင်၊ အချင်းချင်း နားလည် အားပေးနေခဲ့ရင်၊ လိုအပ်ချက်လေးတွေ ကူညီ ဖြည့်ဆည်းပေးနေခဲ့ရင်.. ဒီလို နောင်တမျိုးနဲ့ ကင်းဝေးပြီး ဘ၀မှာလည်း ပျော်ရွှင်ခြင်းတွေနဲ့ အေးချမ်းနေပါလိမ့်မယ်..။

အမေ



အမေတဲ့ ... အမေလို့ဆိုလိုက်ရင် ကျွန်မကို လောကထဲရောက်အောင် ပင်ပန်းဆင်းရဲကြီးစွာ ခေါ်ဆောင်ပေးခဲ့တဲ့ ၊ ကြီးပြင်းရာ ဘ၀တစ်လျှောက်က စွန့်လွှတ် အနစ်နာခံခြင်းများစွာနဲ့ ချစ်ပြခဲ့တဲ့ ၊ စိတ်ထားမြင့်မြတ် အမျိုးသမီးတစ်ယောက်ကို ပြေးမြင်မိတယ်။ သူဟာ ကျွန်မ ဘ၀ရဲ့ စံပြသူရဲကောင်းဖြစ်သလို လမ်းပြကြယ်တစ်စင်းလည်းဖြစ်တယ်။ ကျွန်မရဲ့ ဆရာတစ်ယောက် ဖြစ်သလို သူငယ်ချင်းတစ်ယောက်လည်း ဖြစ်တယ်။ ကျွန်မ အချစ်ရဆုံးသူ ဖြစ်သလို ဆုံးရှူံးရမှာ အကြောက်ဆုံးသူလည်း ဖြစ်ပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော မီးအိမ်ရှင်ပါပဲ။

ကျွန်မတို့ မောင်နှမ သုံးယောက်ရဲ့ ငယ်ဘ၀မှာ အမေ့ရဲ့ ဂရုစိုက်မှူတွေနဲ့ ကြီးပြင်းခဲ့တယ်။ ခရီးအမြဲထွက်ရတဲ့ အဖေ့ အလုပ်သဘောကြောင့်လည်း မိခင်အပေါ် ပိုမိုရင်းနှီးတွယ်တာ ဖြစ်ခဲ့တယ်။ အဖေ့ အရိပ်အာဝါသ သိပ်မရခဲ့ပေမယ့် အမေ့ရဲ့ အေးရိပ်ကြောင့် ကျွန်မတို့ ဘ၀မှာ နေပြောက်မထိုးဘဲ လန်းဆန်းနိုင်ခဲ့တယ်။ အလုပ်တစ်ဖက်နဲ့ သားသမီးတွေ တာဝန်ယူရတာ ခက်ခဲလှပေမယ့် အမေ တစ်ချက် မငြီးခဲ့ဖူးဘူး။ ကလေးငယ်လေးတွေကို ကျောင်းအပ်ပေးတာ အမေဖြစ်သလို ဟင်းချက်ကျွေးတာလဲ အမေပဲ ဖြစ်ခဲ့တယ်။ မိသားစု ၀င်ငွေရှာတာ အမေဖြစ်သလို သန့်ရှင်းရေးလုပ်ရတာလဲ အမေပဲ ဖြစ်တယ်။ ကလေးချီထားတဲ့ အမေ့ရဲ့ လက်တွေဟာ ကမ္ဘာကြီးကို ကိုင်လှူပ်နိုင်လောက်အောင် စွမ်းခဲ့ပါတယ်။

ကျွန်မတို့ ငယ်ငယ်က “ အဖေ နဲ့ အမေ ဘယ်သူ့ကို ပိုချစ်သလဲ’’ လို့ တစ်ယောက်ယောက်က မေးခဲ့ရင် မောင်နှမ သုံးယောက်စလုံး ‘အမေ’ လို့ ပြိုင်တူ ဖြေတတ်ခဲ့တယ်။ အဖေက ပြုံးပြီး ခွင့်လွှတ်ပေမယ့် အမေကတော့ အဲလို မဖြေရဘူးလေလို့ ခပ်တိုးတိုးတားခဲ့တယ်။ အမေ ဘာလို့ အဲဒီလို ဖြေတာ မကြိုက်ပါလိမ့်??? သူ့ကို ပိုချစ်လို့ ပြောတာပဲဟာကို.. ဒါက ကျွန်မ ငယ်ဘ၀က အတွေးတစ်ခုဖြစ်တယ်။ နည်းနည်း သိတတ်စ အရွယ်မှာ နားလည်လိုက်တာက အဖေ စိတ်မကောင်းဖြစ်မှာ စိုးရိမ်လို့ အမေ တားခဲ့တယ် ဆိုတာပါပဲ။ အမေဟာ ကိုယ့်ခင်ပွန်း အပေါ်လည်း နားလည် ဖေးမ လွန်းတဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်နေပြန်ပါတယ်။

အမေ့ကို ချစ်လွန်းတဲ့ ကျွန်မရဲ့ ဘ၀မှာ မမေ့နိုင်စရာ အဖြစ်တစ်ခုလည်း ရှိခဲ့တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ဆောင်းရာသီရဲ့ စနေမနက်ခင်း မှာပေါ့။ အဲဒီနေ့က အမေရုံးပိတ်တယ်။ ရုံးပိတ်လည်း အမေ မအိပ်ရရှာပါဘူး။ စောစောထ၊ မနက်စာ ပြင်ဆင်ပြီး အဘွား (အမေ့ရဲ့ အမေ) နဲ့ အတူ ကျွန်မတို့ ဗရုတ်နှစ်ကောင်(အဲဒီအချိန်က မောင်လေး မမွေးသေးဘူးလေ) ကို စိတ်ချလက်ချ ထားပြီး ဈေးဝယ်ထွက်သွားခဲ့တယ်။ တပတ်စာ စားစရာတွေကို ရုံးပိတ်ရက်မှာ တစ်ခါတည်း ၀ယ်ရမှာမို့ အမေ ကြာလိမ့်မယ်ဆိုတာလဲ ကျွန်မတို့ သိထားတယ်။ အမေ့ရဲ့ မနက်စာကို ကျွန်မတို့ စားပြီးတဲ့အခါ အဘွားကတော့ လူကြီးပီပီ သတင်းစာကို နာရေးကစလို့ ကြော်ငြာမကျန် စိတ်ဝင်စားစွာ ဖတ်နေခဲ့တယ်..။

လွတ်လပ်ရေးရသွားတဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက် အမေ့ရဲ့ ရေချိုးထားနော်ဆိုတဲ့ အမှာစကားနဲ့ အညီ ရေချိုးခန်းထဲ ၀င်သောင်းကျန်းပါတော့တယ်။ သင်္ကြန် အသေးစားပေါ့လေ..:D ။ ရေချိုးခန်းတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်အပြီးမှာ အစ်မက တော်လောက်ပြီ ဆပ်ပြာတိုက်ကြစို့တဲ့။ ဘာပြောကောင်းမလဲ.. ရေနဲ့ ဆော့လို့ မ၀သေးတဲ့ ကျွန်မ ဆပ်ပြာနဲ့ ကောင်းကောင်းဆော့တော့တာပေါ့။ တကိုယ်လုံး ဆပ်ပြာကို ဖြူဖွေးနေအောင်တိုက်ပြီး အစ်မမျက်နှာကိုပါ ဆပ်ပြာနဲ့ အတင်းလိုက်တိုက်နေသေးတယ်..သူ့မျက်လုံးစပ်အောင် ယုတ်မာတာလေ..:P ။

အဲဒီလို ပျော်လို့ကောင်းတုန်းပဲ ရှိပါသေးတယ်..အိမ်အောက်က ‘‘ မီးဗျို့.. မီး’’ ဆိုတဲ့ အော်သံနဲ့ အတူ အဘွားရဲ့ ဒရောသောပါး ပြေးလာသံကိုပါ ကြားလိုက်ရပါတော့တယ်။ ကလေးပီပီ ဘာလုပ်ရမှန်းမသိ ကြောင်တက်တက်နဲ့ပေါ့။ ‘ဟဲ့ နောက်ဖက်လှေကားက မြန်မြန်ဆင်းလေ’ ဆိုတဲ့ အဘွားရဲ့ စိုးရိမ်တကြီး သတိပေးသံကြားမှ ညီအစ်မနှစ်ယောက်စလုံး အလန့်တကြားပြေးကြပါတော့တယ်။

ရေချိုး ဘောင်းဘီတို ၊ တစ်ကိုယ်လုံး ဆပ်ပြာအဖွေးသားနဲ့ လှေကားကိုတောင် ချော်မကျအောင် မနည်းထိန်းပြီးဆင်းခဲ့ရတယ်။ ဒီကြားထဲ လှေကားက ခပ်စောက်စောက်မို့ အဘွားက ကြောက်နေသေးတယ်။ အစ်မက ထိန်းခေါ်လို့သာ သုံးယောက်သား အောက်ကို ရောက်နိုင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ မျက်လုံးက ဆပ်ပြာတွေနဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး ဖွင့်လို့မရ ဖြစ်လာခဲ့ပါတယ်။ မျက်စိ စပ်ပြီး အော်ငိုမိတော့ အဘွားနဲ့ အစ်မ ခမျာ မီးကိုတောင် မကြောက်နိုင်တော့ဘူး။ အိမ်ရှေ့ကို ပြေးရာလမ်းပေါ်က တွေ့ရာ ရေချိုးခန်းတစ်ခုကိုဝင်၊ ကျွန်မကိုယ်ပေါ်က ဆပ်ပြာတွေကို ဆေးချပေး ၊ အစ်မလည်း သူ့ကိုယ်သူ ရေတွေလောင်းချနဲ့ ၀ုန်းဒိုင်းကျဲနေတာပါပဲ။

နောက်ဆုံးတော့ ကျွန်မတို့ အိမ်ရှေ့လမ်းမကို ရောက်ခဲ့ပါတယ်။ ကျွန်မတို့အိမ်က သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ နှစ်ထပ်တိုက်ပုလေးဖြစ်ပြီး အိမ်အောက်ထပ်ကို အဲဒီခေတ်က နာမည်ရှိတဲ့ ဘုရင်မ လက်သည်းနီလုပ်ငန်းကို ငှားထားပါတယ်။ အပေါ်ထပ်ကတော့ ကျွန်မတို့ နေတာပေါ့။ မီးလောင်ရခြင်းအကြောင်းက လက်သည်းနီပြုလုပ်ရာမှာ ထည့်သွင်းတဲ့ တင်ဒါတွေကို သိုလှောင်ထားရာက မီးနဲ့ ထိပြီး ထလောင်ခဲ့တာပါ။ အောက်ထပ်တစ်ခုလုံး မီးထဲပါသွားသလို အပေါ်ကြမ်းခင်းတချို့ကိုလည်း မီးစွဲခဲ့ပါတယ်။ ရှေးခေတ်က ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားတဲ့ အိမ်မို့သာ တစ်အိမ်လုံး မီးထဲမပါဘဲ ကျန်တာပါ။ အဲဒီအချိန်က မီးသတ်တွေကလည်း အချိန်သိပ်မကြာဘဲ ရောက်လာခဲ့တာ ပါမှာပေါ့လေ။

ဘာလုပ်ရမှန်း မသိတဲ့ ကျွန်မတို့ မြေးအဘွားသုံးယောက် လူတွေ ပြေးလွှား မီးသတ်နေတာကို မလှမ်းမကမ်းက သစ်ပင်လေးအောက်မှာ ထိတ်လန့်စွာ ရပ်ကြည့်နေဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့ အစ်မက ရေချိုးဘောင်းဘီတိုလေးတွေနဲ့ပါ။ ဆောင်းလေကြောင့်လည်း တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေခဲ့ပါတယ်။ မီးငြိမ်းလုဆဲဆဲအချိန် လူအုပ်ထဲ စိုးရိမ်တကြီးလိုက်မေးနေတဲ့ အမေ့ကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။ လူတစ်ယောက်ရဲ့ လက်ညှိုးညွှန်ပြမှူကြောင့် ကျွန်မတို့ကို အမေ မြင်လိုက်တော့ ၀င်းလက်သွားတဲ့ အမေ့မျက်နှာဟာ မမေ့နိုင်စရာပါပဲ။ အမေ အပြေးတပိုင်းနဲ့ ကျွန်မတို့အနား ရောက်လာခဲ့တယ်။ ထိခိုက်ဒဏ်ရာ ရှိမရှိ စမ်းသပ်မေးမြန်းနေခဲ့တယ်။ အမေ့ရဲ့မျက်နှာပေါ်မှာ မောဟိုက်ပင်ပန်းမှူ၊ စိုးရိမ်ကြောင့်ကြမှူ နဲ့ ကျွန်မတို့ ဘေးကင်းတဲ့ အတွက် ၀မ်းသာပျော်ရွှင်မှူတွေကို တပြိုင်တည်း ကျွန်မတွေ့နေခဲ့တယ်။

အဲဒီအချိန်မှာဘဲ အလိုက်မသိတဲ့ ကျွန်မက ‘အမေရယ်..ချမ်းလိုက်တာ’ ဆိုပြီး လွှတ်ခနဲ ငြီးလိုက်မိတယ်။ အမေ့ မျက်နှာ ချက်ချင်းပျက်သွားသလို စိုးရိမ်ခြင်းတချို့လည်း အမေ့မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ မီးခိုးတွေအပြည့်နဲ့ မီးငြိမ်းခါစ ကျွန်မတို့ တိုက်ကို အမေ ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ တစ်ခုခု ဆုံးဖြတ်လိုက်ဟန်နဲ့ အမေ့ ခြေလှမ်းတွေက ကျွန်မတို့အိမ်ဆီ ဦးတည်သွားတယ်။ အမေ ဘာလုပ်မှာပါလိမ့်??? ကျွန်မ ရင်ထဲက ဝေေ၀၀ါးဝါး မေးခွန်းလေးဖြစ်တယ်။

သိပ်မကြာခင်မှာ မီးသတ်ရဲဘော်တွေရဲ့ တားမြစ်သံနဲ့အတူ အမေ တိုက်ပေါ် ပြေးတက်သွားတာ တွေ့လိုက်ရတယ်။ ကျွန်မ မျက်လုံးထဲမှာ ပြာတက်သွားတာပဲ။ မီးငြိမ်းပြီဆိုပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးတွေနဲ့ အူနေသလို တစ်ချို့နေရာတွေကလည်း မီးအချိန်မရွေး ပြန်ထလောင်နိုင်သေးတယ်။ မီးလောင်ရာက ထွက်တဲ့ ကာဗွန်မိုအောက်ဆိုဒ် တွေကြောင့် မီးသတ်ရဲဘော်တွေတောင် အောက်ဆီဂျင် ရှူနေရတဲ့ အချိန်မှာ မီးသတ်ဝတ်စုံ ၀တ်မထား အောက်ဆီဂျင် တပ်မထားတဲ့အမေ့ အတွက် အန္တရာယ် များလွန်းလှတယ်။ လူတွေအားလုံးရဲ့ စိုးရိမ်တကြီး ရေရွတ်အော်ခေါ်သံတွေ ကြားထဲမှာ ကျွန်မ အသက်ရှူဖို့ မေ့နေခဲ့တယ်။
ဒီလောက် အန္တရာယ်ကြီးတဲ့ နေရာကို အမေ ဘာသွားလုပ်တာလဲ..။ မကြာခင်မှာပဲ အဲဒီမေးခွန်းရဲ့ အဖြေ ပေါ်လာခဲ့တယ်။ မီးသတ်ရဲဘော်နှစ်ယောက် ခြံရံပြီး ပြန်ဆင်းလာတဲ့ အမေ့လက်ထဲမှာ ကျွန်မနဲ့ အစ်မ အတွက် အ၀တ်အစားတွေ….။

လူတွေရဲ့ ဂရုဏာဒေါသောနဲ့ ဆီးကြို အပြစ်တင်သံတွေအကြား အမေကတော့ အပြုံးမပျက်ဘဲ ကျွန်မတို့ ရှိရာဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့တယ်။ လက်ထဲမှာ ပါတဲ့ အ၀တ်ပိုတစ်ခုနဲ့ ကျွန်မတို့ ညီအစ်မ ခန္ဓာကိုယ်ကို သုတ်ပေးနေခဲ့တယ်။ သူယူလာတဲ့ အ၀တ်တွေကို ကိုယ်စီ ၀တ်ပေးလို့ နွေးထွေးစေခဲ့တယ်..။ ကျွန်မအတွက်တော့ အ၀တ်အစားရဲ့ အနွေးဓါတ်ထက် အမေ့ မေတ္တာရဲ့ နွေးထွေးမှူက ထိတ်လန့်ခြင်းနဲ့ ချမ်းအေးမှူတွေကို မေ့ပျောက်သွားစေခဲ့တယ်။ အဲဒီအချိန်က ကလေးအရွယ် ကျွန်မရဲ့ မျက်ဝန်းထဲမှာ အမေ့ရဲ့ ပီတိအပြုံးနဲ့ ကြင်နာမှူတွေက ဓါတ်ပုံရိုက်ထားသလို စွဲထင် ကျန်ရစ်စေတယ်။ အမေ့ရဲ့ လျှပ်တစ်ပြက် အပြုအမူဟာ ကျွန်မစိတ်မှာ တစ်သက်တာ မေ့ပျောက်နိုင်မှာ မဟုတ်တဲ့ ဆေးစက်ထင် ပန်းချီကားလိုပါပဲ။

နောက်မှ သိရတာက ဈေးသည်တစ်ယောက်ရဲ့ သတင်းပေးမှူကြောင့် ကျွန်မတို့အိမ် မီးလောင်နေကြောင်း အမေသိခဲ့တယ်။ သိသိခြင်း လန့်ပြီး အိမ်ကို ပြန်ပြေးဖို့အလုပ်မှာ နှလုံးရောဂါသည် အမေ စိုးရိမ်ထိတ်လန့်မှူကြောင့် နှလုံးလေဟပ်မှူကို ခံစားခဲ့ရတယ်။ သူ့ အသက် အန္တရာယ် ကိုတောင် ဂရုမစိုက်ဘဲ အသက်ကို ဖြည်းဖြည်းချင်း ရှူလို့ အိမ်ရှိရာ တစ်လှမ်းချင်း လှမ်းခဲ့တယ်။ ပုံမှန်ဆို အိမ်နဲ့ သိပ်မဝေးလှတဲ့ ဈေးခရီးလမ်းဟာ အဲဒီအချိန်မှာတော့ ကမ္ဘာတစ်ပတ် ပတ်ရသလိုပဲလို့ အမေက ရယ်ပွဲဖွဲ့လို့ ခပ်ဟဟဆိုခဲ့တယ်။

မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အေးချမ်းမှူနဲ့ နွေးထွေးမှူကို တပြိုင်နက်တည်း ခံစားရစေတယ်။ မိခင်ရဲ့ အရိပ်အာဝါသဟာ သားသမီးတွေရဲ့ ဘ၀တစ်ခုလုံးအတွက် လုံခြုံစိတ်ချမှူကို ပေးစွမ်းနိုင်တယ်။ စွန့်လွှတ်အနစ်နာခံမှူတွေကတော့ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတရားတွေပဲ ဖြစ်တယ်။ တုနှိုင်းဖွဲ့ဆိုလို့ ကုန်နိုင်စရာမရှိတဲ့ မိခင်တစ်ယောက်ရဲ့ မြင့်မြတ်ခြင်းတွေပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ သားသမီးတိုင်း မိခင်တစ်ယောက်ရဲ့ တန်ဖိုးကို သိရှိပြီး တန်ဖိုးလည်းထားနိုင်ကြပါစေလို့...:)


မေလေးညို

ရင်ဖွင့်ဖော်သို့..



ရင်ဖွင့်ဖော်လေးရေ.. ဒီနေ့တော့ မင်းကို လွမ်းလို့ ရောက်လာကြည့်ဖြစ်တယ်.. ပစ်ထားမိတဲ့ အချိန်တွေကြာလို့ မင်းက ကိုယ့်ကိုတောင် မေ့လောက်ရောပေါ့။ သက်မဲ့ အရာဝတ္ထုလေးမို့သာ စိတ်မဆိုးပဲ ပြန်လက်ခံတာ။ သက်ရှိသာဆို ကိုယ့်ကို ကျောခိုင်းလို့ လက်ပြနှူတ်ဆက်သွားလောက်ပြီ။ တခါတရံတော့လဲ သက်မဲ့လေးမင်းက သက်ရှိတွေထက် ပိုသစ္စာရှိသလိုပါပဲ။

အော်..မင်းနဲ့ မတွေ့ဖြစ်ခဲ့တဲ့ အချိန်တွေမှာလား??? ဘာတွေလုပ်နေမှန်း ရေရေရာရာ မပြောနိုင်ပေမယ့် ရှူပ်ယှက်ခတ်နေတာတော့ အမှန်ပါ။ ပထမတော့ မြန်မာပြည်ပြန်တာပေါ့.. မိသားစုနဲ့ ရှိနေချိန်ဆိုတော့ မင်းကို မေ့သွားမိတာ ၀န်ခံပါရဲ့ ။ တွေ့ဖို့အတွက် ကြိုးစားတော့ အင်တာနက်ကလည်း မကောင်း၊ ကောင်းတဲ့ဆိုင်လေးကျတော့ မင်းကို ခေါ်မရ၊ ခေါ်လို့ရတော့လည်း ဖတ်လို့ အဆင်မပြေနဲ့ နောက်တော့ လက်လျှော့လိုက်မိတယ် ။ တစ်နှစ်မှ တစ်ခါရတဲ့ ခွင့်တစ်လမှာ မိသားစု သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နားလိုက်တယ်လေ.. :)

ပြန်ရောက်တော့လား??? သတိရပေမယ့် မလာဖြစ်ခဲ့ဘူး။ အင်တာနက်လောက၊ ဘလော့ခ်လောကကိုလည်း.. စိတ်နည်းနည်း ညစ်မိတာပါတာပေါ့။ ဘယ့်နှယ့်.. သူကြင်မှ ကိုယ်ကြင်၊ သူ့ဂုဏ် ကိုယ့်ဂုဏ်ပြိုင်၊ ဟိုရန်စ ဒီရန်စနဲ့ အွန်လိုင်းမှာတောင်မှ စိတ်ထွက်ပေါက်လေးပေးလို့ လွတ်လွတ်လပ်လပ် မနေနိုင်ကြပါလား..ရင်ဖွင့်ဖော်လေးရယ် ။ ဒီကြားထဲက ရှားရှားပါးပါး ရသစာပေ ဘလော့ခ်လေးတွေ၊ ပျော်စရာဘလော့ခ်လေးတွေ နဲ့ ဗဟုသုတရစရာ ဘလော့ခ်လေးတွေ ဆိုရင်တော့ ကျေးဇူးတင် မြတ်နိုးစွာ လိုက်လိုက်ဖတ်ဖြစ်ပါရဲ့..။ ဒီလိုနဲ့ စာမျိုးစုံ လိုက်ဖတ်ရင်း အွန်လိုင်းပေါ်လည်း ခြေမချဖြစ်တော့သလို မင်းဆီကိုလည်း အလည်အပတ်တောင် မရောက်ဖြစ်ခဲ့ဘူးလေ။

သူငယ်ချင်းတွေ အများကြီး??? မတွေ့ခဲ့ပါဘူး ရင်ဖွင့်ဖော်ရယ် ။ ရှိတဲ့ သူငယ်ချင်းလေးတွေနဲ့ ချစ်သူခင်သူတွေတောင် ကိုယ်ဆိုးလို့ သည်းမခံနိုင်ကြဘူး ထင်ပါရဲ့.. တဖြည်းဖြည်းနဲ့ အဆက်အသွယ် ပြတ်တောက်..အဝေးမှာရောက်ကုန်ကြပြီလေ။ တစ်ခါတစ်လေတော့လည်း ကိုယ် သူတို့ကို လွမ်းတယ်။ လွမ်းလည်း လွမ်းပါပဲ။ မဆုံနိုင် မဆုံချင်တော့တဲ့ သူတွေကို ကိုယ် အတင်းလိုက်မရှာချင်တော့ပါဘူး.. ဒုက္ခတွေလည်း ထပ်ပြီး မပေးချင်တော့ဘူး။ ကိုယ့်သူငယ်ချင်းဟောင်းလေးတွေ ကိုယ်နဲ့ အဝေးမှာ ပျော်ရွှင်အဆင်ပြေနေပါစေလို့တော့ အမြဲ ဆုတောင်းပေးမိတယ်။ ခုလောလောဆယ် ကိုယ့်ဘေးမှာ ရှိနေတဲ့သူတွေကိုလည်း အရင်ကထက် ပိုဂရုစိုက်ပျော်ရွှင်စေဖို့ ကြိုးစားမိတယ်။ ဘ၀ဆိုတာ တိုတိုလေးပဲလေ။ အသက်ရှင်နေတဲ့ ကာလပတ်လေးမှာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်လေး သာယာအောင်စွမ်းဆောင်နိုင်ရင် အကောင်းဆုံးပေါ့။

ပျော်စရာ အဖြစ်အပျက်??? သိပ်ရှိတာပေါ့။ မကြာခင် ရက်ပိုင်းလေးက ကိုယ့်ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့လေး ရှိခဲ့တယ်။ အဲဒီနေ့မှာ မထင်မှတ်ဘဲ သိလိုက်ရတာက အရေအတွက် အများကြီးမရှိလှတဲ့ ကိုယ့်အရင်းနှီးဆုံး မိသားစု၊ သူငယ်ချင်းလေးတွေက ကိုယ့်ကို တကယ် ဂရုစိုက်ချစ်ခင်ကြတယ်ဆိုတာပဲ။ အရင်နှစ်တွေတုန်းကလည်း သူတို့ ကိုယ့်ဘေးမှာ ရှိနေကြပါတယ်။ ဒါပေမယ့် သတိမမူ ဂူတောင်မမြင်နိုင်တဲ့ကိုယ် သူတို့ရဲ့ အချိန်ပေး ဂရုစိုက်မှူတွေကို မမြင်နိုင်ခဲ့ဘူးလေ။ ဒီနှစ်မှာတော့ ကိုယ့်စိတ်တွေ တော်တော်ပြောင်းလဲသွားတယ်။ လူတွေနဲ့ နည်းနည်း သဟဇာတဖြစ်အောင် နေတတ်လာတယ်။ လူတွေကို တန်ဖိုးထား လေးစားရကောင်းမှန်း၊ ဖြတ်သန်းရတဲ့ အချိန်လေးတွေကို အနားမှာရှိနေသူတွေနဲ့ ပျော်ရွှင်စွာကုန်ဆုံးသင့်မှန်း၊ ဘ၀မှာ ရယူနေရုံနဲ့ မပြည့်စုံပဲ.. သူတစ်ပါးကို ပေးဆပ်ဖို့လည်း ကြိုးစားသင့်မှန်း နည်းနည်းသိလာတယ်။ (ဒါတောင် နည်းနည်းပဲ ရှိသေး :P )။ အထူးသဖြင့် ကိုယ့်အပေါ်ဂရုစိုက်သူတွေကို ကိုယ်ကလည်း ပြန်ဂရုစိုက်သင့်တယ်ဆိုတာ နားလည်လာတယ်။ ကိုယ် သူတို့ကို မဆုံးရှူံးချင်တော့ဘူးလေ။ ဘာပဲပြောပြော အမှတ်မထင် ပျော်ရွှင်ခဲ့ရတဲ့ မွေးနေ့လေးပေါ့.. တသက်လုံး အမှတ်တရနဲ့ မိသားစု၊ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်နေမှာ အမှန်ပါ။ ကိုယ့်အရင်းနှီးဆုံး မင်းကို မဖိတ်မိပေမယ့် မင်းလည်း ကိုယ်နဲ့ အတူ လိုက်ပျော်ပေးပါ ရင်ဖွင့်ဖော်ရယ်..နော်။

ကဲ.. ကိုယ် ပြောတာတွေ များလွန်းလို့ မင်း စိတ်မောသွားလောက်ပြီ.. နားစို့နော်။ ခုလို အချိန်ပေးပြီး နားထောင်ပေး (စာဖတ်ပေး) တဲ့အတွက် ကျေးဇူးပါ ရင်ဖွင့်ဖော်ရယ်.. မင်းကို အကုန်ပြောလိုက်ရလို့ ကိုယ့်စိတ်ထဲမှာ ပေါ့ပါးပြီး ပျော်ရွှင်သွားပြီ။ မင်းလည်း ကိုယ့် အပျော်ဓါတ်တွေကူးပြီး ပျော်ရွှင်ပါစေ သူငယ်ချင်းရယ် .. ကံမကုန်ရင် ပြန်ဆုံတာပေါ့နော်..:)

ခွင့်တင်ခြင်း



ခုတစ်လော အလုပ်ပဲရှူပ်တာလား..အရှူပ်တွေပဲ လုပ်နေမိတာလားတော့ မသိပါဘူး။ ကျွန်မရဲ့ နေ့တွေတိုင်းမှာ အသက်ရှူကျပ်လောက်အောင် လုပ်စရာ ၀န်တွေပိနေတတ်ပါတယ်။ အွန်လိုင်းကိုလည်း တက်ဖို့ အချိန်မရသလို သူငယ်ချင်းတွေကိုလည်း နေကောင်းရဲ့လားတစ်ခွန်းတောင် မမေးဖြစ်တာတော်တော်ကြာခဲ့ပါပြီ။ ရင်ဖွင့်ဖော်လေးကိုတော့ ပစ်ထားမိသလိုကို ဖြစ်နေတာပါ။ စာတွေလည်း လိုက်မဖတ်နိုင်သလို ရေးလည်းမရေးဖြစ်ဘူးလေ။

အလုပ်ရှူပ်ရတဲ့အကြောင်းလား??? အများကြီးပါ။ အဓိကကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်မှာ ပြဿနာလေးနည်းနည်းရှိနေသလို အမေ့ရင်ခွင်မှာ ခဏပြန်နားချင်လို့ ပြင်ဆင်နေတာလည်းပါပါတယ်။ ဟုတ်ပါတယ်..ကျွန်မ အိမ်ပြန်ရတော့မယ်။ ခွင့်တစ်လနဲ့ မိသားစုအိမ်လေးမှာ နားခိုခွင့် ရတော့မှာပါ။ အတိုင်းအဆမရှိ ပျော်သလို ၀မ်းလည်းသာပါတယ်။ တစ်ခုပဲ။ ရင်ဖွင့်ဖော်လေးကိုတော့ မလာနိုင်တော့ဘူးပေါ့လေ။ ရင်ဖွင့်ဖော်က သူငယ်ချင်းများကို တစ်လခွင့်တင်ပါတယ်ရှင်။ ကျွန်မ ဒီည လေယာဉ်နဲ့ မြန်မာပြည်ပြန်လိုက်ဦးမယ်။ လိုချင်တာရှိရင် လှမ်းမှာနော်..:)



မိသားစုက ငါးယောက်
တိုင်ကီက အဖုံးပေါက်
လူတကာတွေ မျက်စိနောက်

အဖေက စိတ်မြန်
အမေက အထနှေး
ပေါင်းဆုံမိတော့
ကလေးသုံးယောက်မွေး

အကြီးဆုံးက အပျိုကြီးမမ
ဆူဆဲမိက ငိုပြီးချရ

အငယ်ဆုံးက မောင်တစ်ကောင်
လွယ်အိတ်တစ်လုံးနဲ့ သူဖွန်ကြောင်

အလတ်မက ကတ်ဖဲ့ငါ
ဂွတိုက်တဲ့နေရာ နှစ်ယောက်မရှိပါ

မိသားစုက ငါးယောက်
ပေါင်းမိတော့ အရပ်ဂေါက်
နေတာက ဒဂုံမြောက်
လူတကာတွေ အကုန်ကြောက် ။

ထာဝရ ပုလဲငယ်



သိမ်မွေ့ နူးညံ့လို့
အပြစ်ကင်းစင်မှူနဲ့
ရွှန်းလဲ့လဲ့ မျက်ဝန်းလေး
သူတစ်ချက် ဝေ့အ၀ဲမှာ
ကိုယ့်အသည်း ကြွေလဲသွားရတာ
ယုံနိုင်စရာ မရှိလည်း
အိပ်မက်တော့ မဟုတ်လေဘူး..။

နီစွေးစွေးနဲ့ နှင်းဆီငုံ နှူတ်ခမ်းဖူးက
ပွင့်အာလာတဲ့ အပြုံးနုနု
ကိုယ့်ညတွေကို အပိုင်လု
အိပ်မရအောင် သူပြုစားထားခဲ့တာ
အဖြေရှာမရလည်း
ဝေဒနာညလို့တော့ မှတ်မထင်မိဘူး..။

ကိုယ့်အတွေးတွေကို သိမ်းပိုက်လို့
ကိုယ့်နှလုံးသားကို လွှမ်းမိုးနိုင်သူရယ်
မင်းကြည်ဖြူမယ်ဆို
နေထိနှင်းလို ကြွေငြိဆင်းသွားတဲ့
အရည်ပျော်အသည်းလေးကို
ဖြေဖျော်စရာ ပုလဲအဖြစ်မှတ်ယူလို့
မင်းလည်တိုင်နုနုမှာ ထာဝရရှင်သန်ခွင့်ပြုပါ ။


အားနာခြင်းတဲ့... မြန်မာလူမျိုးတော်တော်များများ ဒီစကားလုံးနဲ့ ရင်းနှီးသလို ဒုက္ခတွေလည်းတွေ့ခဲ့ဖူးကြမှာပါ။ ကြည့်တော့ စကားလေးသုံးလုံးတည်းပေမယ့် တစ်ခါတစ်ရံတော့ သူ့အစွမ်းက မသေးသလို ပြဿနာတွေလည်း အလုံးအရင်းနဲ့ ဆောင်ယူလာတတ်ပြန်ပါသေးတယ်။ တစ်ခြားလူတွေတော့ ဘယ်လိုရှိမယ် မပြောတတ်ပေမယ့် ကျွန်မအတွက်တော့ သိတတ်စ အရွယ်ကတည်းက အားနာခြင်းများနဲ့ နပန်းလုံးနေခဲ့ဖူးပါတယ်။

မှတ်မှတ်ရရ ကျွန်မ သုံးတန်းတက်တဲ့နှစ်မှာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းလေးက ကောက်ကာငင်ကာ တုတ်ကွေးမိပြီး အပြင်းဖျားခဲ့ပါတယ်။ သူ တစ်ပတ်ကျော်လောက် ကျောင်းမတက်နိုင်ခဲ့ဘူး။ စာတွေလည်း အကုန်လွတ်ပေါ့။ ကျွန်မတတ်နိုင်သလောက် စာတွေကူးပေးခဲ့သလို သူလည်း ဆေး တော်တော်များများသောက်အပြီးမှာ နလန်ထခဲ့တယ်။ အဲ.. သူနေပြန်ကောင်းစ တစ်ညမှာတော့ သူ့အမေကြီး ကျွန်မအိမ်ကို ပေါက်ချလာပါတယ်။ အကြောင်းကတော့ လွတ်သွားတဲ့စာတွေအတွက် သူငယ်ချင်းကို ကူညီရှင်းပြပေးစေချင်လို့ လာခေါ်တာပါ။

သိတာမသိတာ အပထား ဖောရှောလုပ်ဖို့ဆို နှစ်ယောက်မရှိတဲ့ကျွန်မ ပုံမှန်ဆို ကပြီးတောင် လိုက်သွားမှာ။ ဒါပေမယ့် အန်တီကြီးလာခေါ်တဲ့အချိန်ကိုလည်း ကြည့်ပါဦး။ ညက ၈ နာရီကျော် ၊ မီးကပျက်၊ မိုးက သည်းကြီးမည်းကြီးရွာနေတဲ့အပြင် သိမ်ဖြူလမ်းရဲ့ထုံးစံအရ ရေကလည်း ခြေသလုံးတ၀က်လောက်ထိ တက်နေသေးတယ်။ ကျွန်မ အမေကတော့ တစ်ချက်လွှတ်အမိန့်ကို ခပ်တိုးတိုးကပ်ပြောပါတယ်။ လိုက်မသွားရဘူးတဲ့.. သူတောင် သူ့သမီးလေးကို မိုးမထိစေချင်လို့ ခေါ်မလာတာ သမီးကိုလည်း အမေ မလွှတ်နိုင်ပါဘူးတဲ့လေ။ အမှန်တော့ ကျွန်မလည်းမသွားချင်ဘူး။ မိုးကအရမ်းသည်းနေတဲ့အပြင် နောက်နေ့လည်း ကျောင်းကတက်ရဦးမယ်လေ။ တွေဝေစွာနဲ့ ဝေခွဲမရဖြစ်နေတဲ့ ကျွန်မကို အန်တီကြီးက ‘ကူညီပါ သမီးရယ်’ တဲ့…။

ကဲ… ပြောနေစရာတောင်လိုမယ် မထင်ဘူးနော်။ အားနာတတ်တဲ့ ကျွန်မ အားနာနာနဲ့ပဲ မိုးထဲလေထဲ အိမ်အရောက် စာသွားရှင်းပြပေးခဲ့ပါတယ်။ မီးကပျက်နေတော့ ဖယောင်းတိုင်အားကိုးနဲ့ပေါ့။ သင်္ချာ ပုစ္ဆာတွေကို ကိုယ်က အကြမ်းဖျဉ်းဆရာလုပ်၊ သူက ချတွက်နဲ့ ဟုတ်နေရာက ဘယ်ကဘယ်လိုဖြစ်တယ် မသိဘူး ..ကျွန်မ မှေးခနဲ ငိုက်သွားတယ်။ နှာခေါင်းဝကို တိုးဝင်လာတဲ့ ညှော်နံ့တစ်ခုကြောင့် ဆတ်ခနဲ လန့်အနိုးမှာ သိလိုက်တာက ငါတော့ သွားပြီဆိုတာပဲ။ ဟုတ်တယ်လေ။ နှစ်ယောက်ကြားမှာ ချထားတဲ့ ကိုရွှေဖယောင်းတိုင်မီးက တစ်ချက်အငိုက်မှာ ကျွန်မရဲ့ ဘောလုံးကေဆံပင်လေးကို ကောင်းကောင်းဖျက်ဆီးလိုက်ပြီ။ ကျွန်မ ဆံပင်ရှေ့တစ်ခြမ်း မီးကျွမ်းသွားပြီလေ။ ပြောင်စပ်စပ် ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ငိုရမလို ရီရမလို အီလည်လည်ကြီးနဲ့ အိမ်ကို ပြန်ရောက်ခဲ့ပါတယ်။ အမေက သူမသွားဖို့ ပြောရဲ့နဲ့ သွားပြီး ဖြစ်လာတာမို့ မသနားတဲ့အပြင် ဂရုဏာဒေါသနဲ့ ဆူပူနေပြန်သေးတယ်။ စိတ်ကြီးရယ် ညစ်လှချည်ရဲ့.. :( :(

မှတ်မှတ်ရရပါပဲ... အားနာဖို့ပဲ သိတဲ့ ကျွန်မ မိုးလေအရှိန်နဲ့ နောက်နေ့မှာ အပြင်းဖျားခဲ့သလို အဲဒီလ ဖြေတဲ့ စာမေးပွဲမှာလည်း သူငယ်ချင်းလေးထက် အဆင့်နိမ့်ခဲ့ပါတယ်...ကိုယ့်အပြစ်နဲ့ ကိုယ်ပဲမို့ မျက်နှာငယ်ငယ်နဲ့ အမေ့ကို ရီပို့ကတ်ပြရုံမှ တပါး အခြားမရှိပြီပေါ့လေ.. :( :( ။ ဒီလောက်နဲ့ မှတ်မယ်လို့တော့ မထင်နဲ့နော်.. ဒါက အစပဲရှိသေးတယ်.. လာဦးမည် ..ကြာဦးမည်..မျှော်.... :D ။