ပုစ္ဆာ



ကမ်းခြေမှာ
လှမ်းနေလည်း
အလွမ်းတစ္ဆေကြောင့်
အပန်းမပြေနိုင်တာ ခက်တယ်..

ညအမှောင်မှာ
ထကြောင်လို့
ယောင်ပြီးခေါ်မိတာက
'မောင်'ဖြစ်နေတာ ခက်တယ်..

အသေတွက်တောင်
အဖြေမထွက်တဲ့ ပုစ္ဆာကို
ကျေနပ်လို့ ကဗျာစပ်နေတာ
ပေကပ်ကပ် ငါဖြစ်နေလို့ ခက်တယ် ။

နှလုံးသားကို အပြုံးများနဲ့
ခုံရုံးတင် ကျုံးသွင်းလို့
အမုန်းမစွက် ရုန်းမထွက်နိုင်ခဲ့တာက
အရှူံးများနဲ့ တုံးအတဲ့
ငါသာလျှင်ဖြစ်နေခဲ့တာ ခက်..ပါ..တယ်

ထစ်ချုန်းမိုး



ချစ်သူ…
ငါနဲမင်းအကြား
ရေခဲမြစ်အလား အေးခဲမှူတွေ
အစိုင်အခဲဖွဲ့လို့ ထုထည်တက်နေခဲ့ပြီ..

ရေခဲမြစ်ရဲ့ မြစ်ဖျားခံရာက
မင်းရဲ့ မာနတွေကလား..
ငါ့ရဲ့ လျစ်လျူရှူတတ်မှူများကလား..
မင်းရဲ့ ဂရုမစိုက်မှူကြောင့်လား..
ငါ့ရဲ့ အလုပ်ရှူပ်မှူတွေကြောင့်လား ..
မေးခွန်းပေါင်းများစွာနဲ့ နောက်လှည့်အကြည့်မှာ
အမှတ်မထင် တွေ့လိုက်တဲ့အဖြေတစ်ခု
အချိန်ဆိုတဲ့ သူငယ်ချင်းငယ်ကပြောသွားလေရဲ့..


သက္ကရာဇ်တစ်ခုအပြိုမှာ
အချစ်တစ်ခု ခန်းခြောက်သွားတတ်တာ
၂၁ ရာစုရဲ့ မဆန်းတဲ့အဖြစ်တစ်ခုပါတဲ့ ။

အို….မဟုတ်ဘူး ..မဖြစ်နိုင်ဘူး...ငါမယုံဘူး…..
လက်မခံနိုင်ခြင်းများစွာနဲ့ ငါ့နှလုံးသားကောင်းကင်မှာ
အခါလွန်ထစ်ချုန်းမိုးတွေ အငြိုးနဲ့သွန်းဖြိုးလို့ ရွာနေခဲ့ရပြီပေါ့လေ..

၁၉ ဇူလိုင်



ဇူလိုင် ၁၉ ၊ တပ်လှန့်နှိုးသည်
တို့မျိုးစဉ်ဆက်တိုင်သတည်း
၁၉ ဇူလိုင်မမေ့နိုင်တည့် ။

မိုးရက်မိုးခါ ဖြစ်လေပါလည်း
ရှူသာမြင်ကွင်းနံနက်ခင်းနှင့်
ယင်းသည့်စနေ ဂြိုလ်ဆိုးမွှေခဲ့
တွင်းဝန်ရုံးဆီ ၊ ဆယ်နာရီနှင့်
စွန်းသည်ဟိုဖက် ၊ နာရီဝက်တွင်
ပြည်တွက်ရေးရာ ၊ များဝန်တာကို
ဖြာဖြာတနည်း ၊ ခေါင်းဆောင်ကြီးတို့
စုစည်းတထွေ ၊ ဆွေးနွေးနေစဉ် . . . ။

ဂျစ်ကားစိမ်းမှ ၊ ဆင်းသက်ကြပြီး
လက်မှတော်မီ ၊ စတင်းချီ လျှက်
တပ်မည်နံပါတ် ၊ ၁၂ မှတ်သည့်
စစ်တပ်ဝတ်စုံ ၊ အရေခြုံတို့
စုပြုံတက်သွား မိနစ်ခြားဝယ်. . .။
နားကွဲမတတ် ဒလစပ်လျှင်
ပစ်ခတ်ဆူညံ ၊ သေနတ်သံတို့
မိုးယံကိုဖောက် ၊ လေ၀ယ်နှောက်သည်
ထက်အောက်ဝန်းကျင် တုန်သတည်း။

ကျည်ပွင့်သံလည်း . . .
မိုးယံကိုဖွင့် ၊ လေ၀ယ်လွင့်သည်
ယမ်းပွင့် ယမ်းခိုး ဝေ သတည်း . . .။

ဗိုလ်ချုပ်အောင်ဆန်း ၊ ပြည့် ချစ်ပန်းနှင့်
ခေါင်နန်းစာဆို ဦးဘချို ပြင်
ကြည်ညိုဆပွား ၊ ဒို့အားထားသည့်
စော်ဘွားမိုင်းပွန် ၊ လူရည်ချွန်လှ
သခင်မြ နှင့် . . .
တကွတူပြိုင် ၊ မန်းဘခိုင်
ကြိုင်လှိုင်သတင်း ၊ ဦးဘ၀င်း
ပျံ့သင်းဂုဏ်ဒြပ် ၊ ဦးရာဇာတ်တို့
ပစ်ခတ်ခံရ ၊ ဆောင်ခန်းမ၀ယ်
လဲကျသေဆုံး ၊ သွေးနီဖုံးသည်
ဆုံးရှုံးခဲ့ရလေပြီတကား . . . ။

ဒီသတင်းလျှင် ၊
ချက်ချင်းပြန့်သွား ၊ ပြည်သူ့နား သို့
သိကြားမကြာ၊ ပြည်လုံးမှာလည်း
သည်းညှာပျက်ပြုန်း ၊ ကြိမ်မီးအုံးသို့
ယူကျုံးမရ ၊ မျက်ရည်ကျခဲ့
တသနှမြော အသေစောဟ
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ
ရက်ကိုလစား ၊ ချိန်တွေများသည်
ခုကား ( ) နှစ်တိုင်ခဲ့ပြီ ။

ပြည့်လွတ်လပ်ရေး ၊ အသက်ပေးကာ
စတေးခံသွား ၊ ခေါင်းဆောင်များတွက်
ဒို့ကားတဖန် ၊ ဆောင်ရွက်ရန်ကား
မိမြန်အတွက် ၊ စွမ်းသည့်ဘက်မှ
ဆထက်ကြိုးကုတ် ၊ အားမာန်ထုတ်ခါ
ဗိုလ်ချုပ်ချမှတ် ၊ လမ်းစဉ်မြတ်ကို
ကျင့်အပ်လိုက်နာ ၊ သွားရန်သာတည်း ။

ဆယ့်ကိုးဇူလိုင် မမေ့နိုင်တည့်
ဇူလိုင်ဆယ်ကိုး တပ်လှန့်နှိုးသည်
ဒို့မျိုးစဉ်ဆက် တိုင်စေသတည်း . . .။

ရေးသားသူ-ထွဏ်းနေနွယ်
(ဗိုလ်ချုပ်အောင်ဆန်းကဗျာများစာအုပ်)

ဘလော့ဂ်အကြောင်း


ဘလော့ဂ်အကြောင်းကို ဘလော့ဂ်လုပ်ပြီး လ၀က်နေမှ ထရေးတဲ့လူဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိမယ်ထင်ပါရဲ့..:D။ ဘလော့ဂ်အကြောင်းဆိုလို့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အဲလိုရေးဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ရင်ဖွင့်ဖော်ရဲ့ လာနေကျစာဖတ်သူတစ်ဦးက ပြောလာတဲ့ အကြောင်းအရာတစ်ခုကြောင့် ဒီစာလေးရေးဖြစ်ပါတယ်။

သူပြောတာကတော့ စေတနာနဲ့ပါ ။ ကဗျာလေးတွေကို ဒီထက် ပိုပြီး အားစိုက်ရေးကြည့်ပါတဲ့ ။ ကဗျာတွေက ရိုးနေတယ်တဲ့..။ အဲလိုပြောလို့ စိတ်တော့ မကောင်းပါဘူး ။ ဒါပေမယ့် လက်ခံပါတယ်။ ဟုတ်ပါတယ် ။ ဒီဘလော့ဂ်ကိုလည်း အပျော်သဘောလေးနဲ့ မလုပ်တတ် လုပ်တတ် တည်ဆောက်ထားတာပါ။ အားနည်းချက်တွေ မပြည့်စုံတာတွေအများကြီးရှိနေမှာ အသေအချာပါပဲ ။ လိုအပ်ချက်တွေရှိရင်လည်း ကူညီထောက်ပြပေးကြပါလို့...။

စာရေးတဲ့ အပိုင်းမှာလဲ ရေးတတ်လို့မဟုတ်ဘဲ.. ၀ါသနာအရ ခံစားမှူတွေကို ရင်ဖွင့်လို့ ရရုံလေး၊ ဘ၀အမောတွေကို လှစ်ဟပြနိုင်ရုံလေး ရည်ရွယ်ပါတယ်။ ဒါကြောင့်လဲ နာမည်လေးကို ရင်ဖွင့်ဖော်လို့ပေးမိတာပါ ။ ရင်ဖွင့်ဖော်မှာ ကဗျာအများစု ရှိနေမှာဖြစ်ပြီး အားရင်အားသလို ဘလော့ဂ်ပေါ်မှာခြေရှူပ်လို့ မအားရင်လည်း လှည့်ကြည့်ဖြစ်မှာ မဟုတ်ပါဘူး..:D..(ကြိုစကားခံထားတာလေ)။ တကယ်လို့များ ရင်ဖွင့်ဖော်က စာတွေဟာ စာဖတ်သူကို အားမလို အားမရဖြစ်စေတယ်..လိုချင်တဲ့ ရသကို အပြည့်အ၀ မပေးနိုင်ခဲ့ဘူး....ပြီးတော့ စာအသစ်မှန်မှန်မတင်နိုင်ခဲ့ဘူးဆိုရင် သည်းခံခွင့်လွှတ်ပြီး အားပေးကြပါလို့ တောင်းပန်ရင်း ဒီမှာပဲ နားလိုက်ပါဦးမယ်...။ ရွှင်လန်းချမ်းမြေ့ကြပါစေရှင် ။

ကန္တာရ ခရီးသည်



၅၂၈ နှောင်ဖွဲ့သံယောဇဉ်
ခွဲခွာချိန်မှာ ငါဘယ်လိုကျောခိုင်းရမှာလဲ
ဖခင်ရဲ့ မှောင်ရီဝေရုပ်သွင်
မိခင်ရဲ့ မျက်ရည်လည်မျက်ဝန်း
နှလုံးအိမ်ကို ဓားနဲ့ မွှန်းလို့
အသည်းဆိုင်တွေ ပဲ့ကြွေခဲ့ရပြီပဲ..

အက်ကြောင်းထပ် စကားပုံတစ်ခု
ခါးသက်စွာ နားမှာပဲ့တင်ကြားမိပါရဲ့
ဘာတဲ့..
ပျော်ရာမှာမနေ တော်ရာမှာနေရဆိုလား..

တိမ်မယောင်နဲ့ နက်တဲ့ ရှေးဆိုရိုးတွေ
လွယ်မယောင်နဲ့ ခက်တဲ့ လူ့ကျင့်ဝတ်တွေ
ဘယ်သူတွေ လက်ဆော့တီထွင်လို့
လောကကြီးကို အရောင်ခြယ်ဘောင်ခတ်ခဲ့ပါလိမ့်..

ပစ္စုပ္ပန်မှာတော့ ပင်ကိုယ်အသိစိတ်
ခန္ဓာရိပ်က လွင့်ထွက်လို့
မငိုအောင်တင်း မပြိုအောင်'ဟင်း' ချရင်း
ငါချစ်ခင်တဲ့ မိသားစုလေးကို
ငါလေ ကျောခိုင်းထွက်ခဲ့ရပြန်တယ်
မဆုံးနိုင်တဲ့ ကန္တာရခရီးရှည်တစ်ခု ဆက်လျှောက်ဖို့ပေါ့လေ...

အဆုံးသတ်



သံသယကြိုးတစ်ချောင်းနဲ့
နှစ်ဖက်ပြိုင်တင်းနေတဲ့
ချစ်သူနှစ်ဦးလွန်ဆွဲပွဲမှာ
ယုံကြည်မှူနဲ့ သစ္စာက
ဘယ်ချောင်မှာများ ပုန်းရှောင်နေကြပါလိမ့်...
ကြိုးစရဲ့ တစ်ဖက်စီက
ဒဏ်ရာကိုယ်စီနဲ့ မျက်ဝန်းအစုံ
သွေးအလိမ်းလိမ်းနဲ့ အဆိပ်သင့်နှလုံးသား
ခပ်စူးစူးအောင့်နေတဲ့ ဘယ်ဘက်ရင်ခွင်
တော်လိုက်စမ်းပါ အချစ်မိုးရယ်..
မင်းမသွန်းဖြိုးလဲ ရှိပါစေတော့။
လောင်မြိုက်နေတဲ့ ငါ့အသည်းကို
ငါ့မျက်ဝန်းက မိုးရေပူတွေနဲ့
ခပ်ပေါပေါ သွန်းလောင်းချလို့
ငါ့ကမ္ဘာက ဒီလွန်ဆွဲပွဲကို
ငါကိုယ်တိုင်ပဲ နိဂုံးချုပ်ပစ်လိုက်တော့မယ်..

ချစ်သူ့တမ်းချင်း



ချစ်သူရေ...
မင်းရဲ့ခြေရာ နှင်းမှူန်တောမှာ
ရှာဖွေလို့လျှောက် တကောက်ကောက်နဲ့
ငါလေနွမ်းလျမောခဲ့ပြီ...
ပေးခဲ့ဒဏ်ရာ ဝေးရချိန်မှာ
ရင်ကိုထိုးဖောက် စိတ်ကိုနှောက်လို့
ငါရဲ့ နှလုံးသားပဲ့ကြွေပြီ...
ချစ်မိသူမှာ ရင်နာဆဲမို့
ကျောခိုင်းခဲ့စဉ် ဟိုချိန်ခါမှ
နှစ်လရက်ကြာ ယနေ့တိုင်အောင်
ငါ့ခေါင်းအုံးလေး စွတ်စိုဆဲပါ
တမ်းတမျက်ရည်တွေနဲ့လေ....