ကန္တာရ ခရီးသည်



၅၂၈ နှောင်ဖွဲ့သံယောဇဉ်
ခွဲခွာချိန်မှာ ငါဘယ်လိုကျောခိုင်းရမှာလဲ
ဖခင်ရဲ့ မှောင်ရီဝေရုပ်သွင်
မိခင်ရဲ့ မျက်ရည်လည်မျက်ဝန်း
နှလုံးအိမ်ကို ဓားနဲ့ မွှန်းလို့
အသည်းဆိုင်တွေ ပဲ့ကြွေခဲ့ရပြီပဲ..

အက်ကြောင်းထပ် စကားပုံတစ်ခု
ခါးသက်စွာ နားမှာပဲ့တင်ကြားမိပါရဲ့
ဘာတဲ့..
ပျော်ရာမှာမနေ တော်ရာမှာနေရဆိုလား..

တိမ်မယောင်နဲ့ နက်တဲ့ ရှေးဆိုရိုးတွေ
လွယ်မယောင်နဲ့ ခက်တဲ့ လူ့ကျင့်ဝတ်တွေ
ဘယ်သူတွေ လက်ဆော့တီထွင်လို့
လောကကြီးကို အရောင်ခြယ်ဘောင်ခတ်ခဲ့ပါလိမ့်..

ပစ္စုပ္ပန်မှာတော့ ပင်ကိုယ်အသိစိတ်
ခန္ဓာရိပ်က လွင့်ထွက်လို့
မငိုအောင်တင်း မပြိုအောင်'ဟင်း' ချရင်း
ငါချစ်ခင်တဲ့ မိသားစုလေးကို
ငါလေ ကျောခိုင်းထွက်ခဲ့ရပြန်တယ်
မဆုံးနိုင်တဲ့ ကန္တာရခရီးရှည်တစ်ခု ဆက်လျှောက်ဖို့ပေါ့လေ...

1 comments:

Anonymous said...

the great one...I really like it....Keep it up ur good work...