Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts



မိသားစုက ငါးယောက်
တိုင်ကီက အဖုံးပေါက်
လူတကာတွေ မျက်စိနောက်

အဖေက စိတ်မြန်
အမေက အထနှေး
ပေါင်းဆုံမိတော့
ကလေးသုံးယောက်မွေး

အကြီးဆုံးက အပျိုကြီးမမ
ဆူဆဲမိက ငိုပြီးချရ

အငယ်ဆုံးက မောင်တစ်ကောင်
လွယ်အိတ်တစ်လုံးနဲ့ သူဖွန်ကြောင်

အလတ်မက ကတ်ဖဲ့ငါ
ဂွတိုက်တဲ့နေရာ နှစ်ယောက်မရှိပါ

မိသားစုက ငါးယောက်
ပေါင်းမိတော့ အရပ်ဂေါက်
နေတာက ဒဂုံမြောက်
လူတကာတွေ အကုန်ကြောက် ။

ထာဝရ ပုလဲငယ်



သိမ်မွေ့ နူးညံ့လို့
အပြစ်ကင်းစင်မှူနဲ့
ရွှန်းလဲ့လဲ့ မျက်ဝန်းလေး
သူတစ်ချက် ဝေ့အ၀ဲမှာ
ကိုယ့်အသည်း ကြွေလဲသွားရတာ
ယုံနိုင်စရာ မရှိလည်း
အိပ်မက်တော့ မဟုတ်လေဘူး..။

နီစွေးစွေးနဲ့ နှင်းဆီငုံ နှူတ်ခမ်းဖူးက
ပွင့်အာလာတဲ့ အပြုံးနုနု
ကိုယ့်ညတွေကို အပိုင်လု
အိပ်မရအောင် သူပြုစားထားခဲ့တာ
အဖြေရှာမရလည်း
ဝေဒနာညလို့တော့ မှတ်မထင်မိဘူး..။

ကိုယ့်အတွေးတွေကို သိမ်းပိုက်လို့
ကိုယ့်နှလုံးသားကို လွှမ်းမိုးနိုင်သူရယ်
မင်းကြည်ဖြူမယ်ဆို
နေထိနှင်းလို ကြွေငြိဆင်းသွားတဲ့
အရည်ပျော်အသည်းလေးကို
ဖြေဖျော်စရာ ပုလဲအဖြစ်မှတ်ယူလို့
မင်းလည်တိုင်နုနုမှာ ထာဝရရှင်သန်ခွင့်ပြုပါ ။

တိတ်တခိုး


တစ်နေ့တစ်ရက်
အတွေ့ခက်လျှင်
ကြားလေသွေးလို့
ဝေးမယ်ထင်...

စက္ကန့်မိနစ်
အားလပ်မိလျှင်
စိတ်အစဉ်က
သူ့ဆီနှင်..။

ပါးပြင်မို့မို့
နီမြန်းအောင်ပင်
ချစ်သူ့အကြောင်း
တွေးနေချင်..

ကြမ္မာဖန်လို့
ဝေးခဲ့ကြလျှင်
ထိုစိတ်နှင့်ပင်
ရူးမည်ထင်..

သည်မျှချစ်ကြောင်း
ဖွဲ့ဆိုသော်လျှင်
ဆိုင်သူမသိလို့

ခက်တယ်ရှင်..။

မာတာမိခင်



ဖေမေချစ်ခြင်း ပေါင်းကူးယှက်၍
သန္ဓေတည်လာ ရင်သွေးငယ်အား
မေတ္တာရေစင် သွန်းဖြန်းပက်ပြီး
အသက်ထက်ပင် မြတ်နိုးပါ၏။

ရင်နှစ်သည်းချာ ကလေးငယ်အား
မထိခိုက်အောင် ပူစပ်ရှောင်၍
စွမ်းကုန်ယုယ ချစ်ခင်မိသည်
သမီးငယ်လေး သိပါလေစ ။

ခက်ခဲပေါင်းစုံ ကျော်မြောက်လွန်၍
ကိုးလလွယ်ပြီး ဆယ်လဖွားသည်
မျက်နှာလေးမြင် သံကြားစဉ်ဝယ်
အမောဟူသမျှ လွင့်ပြယ်ပါ၏။

ဘေးလည်းမသီ ရန်မခအောင်
ဖ၀ါးနှစ်လုံး ခုံးနှစ်သစ်မှ
ပြုစုပျိုးထောင် စောင့်ရှောက်လာသည်
ပန်းဖူးငုံလေး ပွင့်အာသည်အထိ။

ပညာပြည့်စုံ တောင်လက်စုံ၍
မိဘကျေးဇူး ဆပ်ရန်ရွယ်ရည်
သမီးကလေး ဝေးထွက်သွားပြီ။

ရင်နှင့်မချိ ပူလောင်ရလည်း
အပူရုပ်ကို ဟန်လုပ်ပါ၍
နှစ်သိမ့်အားပေး လမ်းညွှန်ပေးသည်
သမီးဘ၀ အောင်မြင်ရန်အတွက်။

နှစ်လရှည်ကြာ သမီးဝေးကွာ
သံသယနှင့် မေးလာပါ၏
ချစ်သေးရဲ့လား မေ့ပြီလား။

မေ့ချစ်သမီးငယ် ဤကမ္ဘာမြေ၀ယ်
စကြာဝဠာသုန်း ကမ္ဘာပြုန်းလည်း
မိခင်မေတ္တာ သားတို့ပေါ်အား
ဘယ်ခါမပျက် စဉ်ဆက်လိုက်သည်
အေးမြစမ်းရေ သွင်သွင်စီးသို့ ။

(အမေ့ကို သတိရနေလို့ အရင် website တစ်ခုမှာရေးဖူးတဲ့ကဗျာလေးပြန်တင်လိုက်ပါတယ်)

အက္ခရာတစ်ကြောင်း



ငါ့ကဗျာမှ ကဗျာတဲ့
ငါ့ကာရန်နဘေနဲ့
ငါသေရွာပြန်သွားရင်တောင်
ငါ့နာမည်တစ်လုံး တွင်ရစ်
ငါ့ကဗျာတစ်ပုဒ် ကျန်ရစ်စေရမယ်တဲ့ ။

ငါ့ကဗျာမှ ကဗျာတဲ့
ငါရေးတဲ့ ကဗျာတစ်ပုဒ်
ငါ့ခန္ဓာကိုယ်ပုပ်လို့ ပေါ်ရင်တောင်
ငါ့နာမည် အဟုတ်မို့ ကျော်ဇောနေရမယ့်
ငါ့ရဲ့ မော်ဒန်ခေတ်သစ်ကဗျာတစ်ပုဒ်တဲ့ ။

ကဲ ..........
ငါစွဲတွေနဲ့ အထာကျဲနေတဲ့
ဗလာမဲ ကဗျာရဲတွေကို
အသာချဲလို့ ကြေငြာရဲလိုက်တာက
စိတ်ကိုငြိ Heart ကိုထိရင်
အက္ခရာတစ်ကြောင်းလည်း
ရင်ကို ဗြောင်းဆန်စေမယ့်
ကဗျာရည်ကောင်းတစ်ပုဒ်ဆိုတာကိုပဲ ။

ပုစ္ဆာ



ကမ်းခြေမှာ
လှမ်းနေလည်း
အလွမ်းတစ္ဆေကြောင့်
အပန်းမပြေနိုင်တာ ခက်တယ်..

ညအမှောင်မှာ
ထကြောင်လို့
ယောင်ပြီးခေါ်မိတာက
'မောင်'ဖြစ်နေတာ ခက်တယ်..

အသေတွက်တောင်
အဖြေမထွက်တဲ့ ပုစ္ဆာကို
ကျေနပ်လို့ ကဗျာစပ်နေတာ
ပေကပ်ကပ် ငါဖြစ်နေလို့ ခက်တယ် ။

နှလုံးသားကို အပြုံးများနဲ့
ခုံရုံးတင် ကျုံးသွင်းလို့
အမုန်းမစွက် ရုန်းမထွက်နိုင်ခဲ့တာက
အရှူံးများနဲ့ တုံးအတဲ့
ငါသာလျှင်ဖြစ်နေခဲ့တာ ခက်..ပါ..တယ်

ထစ်ချုန်းမိုး



ချစ်သူ…
ငါနဲမင်းအကြား
ရေခဲမြစ်အလား အေးခဲမှူတွေ
အစိုင်အခဲဖွဲ့လို့ ထုထည်တက်နေခဲ့ပြီ..

ရေခဲမြစ်ရဲ့ မြစ်ဖျားခံရာက
မင်းရဲ့ မာနတွေကလား..
ငါ့ရဲ့ လျစ်လျူရှူတတ်မှူများကလား..
မင်းရဲ့ ဂရုမစိုက်မှူကြောင့်လား..
ငါ့ရဲ့ အလုပ်ရှူပ်မှူတွေကြောင့်လား ..
မေးခွန်းပေါင်းများစွာနဲ့ နောက်လှည့်အကြည့်မှာ
အမှတ်မထင် တွေ့လိုက်တဲ့အဖြေတစ်ခု
အချိန်ဆိုတဲ့ သူငယ်ချင်းငယ်ကပြောသွားလေရဲ့..


သက္ကရာဇ်တစ်ခုအပြိုမှာ
အချစ်တစ်ခု ခန်းခြောက်သွားတတ်တာ
၂၁ ရာစုရဲ့ မဆန်းတဲ့အဖြစ်တစ်ခုပါတဲ့ ။

အို….မဟုတ်ဘူး ..မဖြစ်နိုင်ဘူး...ငါမယုံဘူး…..
လက်မခံနိုင်ခြင်းများစွာနဲ့ ငါ့နှလုံးသားကောင်းကင်မှာ
အခါလွန်ထစ်ချုန်းမိုးတွေ အငြိုးနဲ့သွန်းဖြိုးလို့ ရွာနေခဲ့ရပြီပေါ့လေ..

ကန္တာရ ခရီးသည်



၅၂၈ နှောင်ဖွဲ့သံယောဇဉ်
ခွဲခွာချိန်မှာ ငါဘယ်လိုကျောခိုင်းရမှာလဲ
ဖခင်ရဲ့ မှောင်ရီဝေရုပ်သွင်
မိခင်ရဲ့ မျက်ရည်လည်မျက်ဝန်း
နှလုံးအိမ်ကို ဓားနဲ့ မွှန်းလို့
အသည်းဆိုင်တွေ ပဲ့ကြွေခဲ့ရပြီပဲ..

အက်ကြောင်းထပ် စကားပုံတစ်ခု
ခါးသက်စွာ နားမှာပဲ့တင်ကြားမိပါရဲ့
ဘာတဲ့..
ပျော်ရာမှာမနေ တော်ရာမှာနေရဆိုလား..

တိမ်မယောင်နဲ့ နက်တဲ့ ရှေးဆိုရိုးတွေ
လွယ်မယောင်နဲ့ ခက်တဲ့ လူ့ကျင့်ဝတ်တွေ
ဘယ်သူတွေ လက်ဆော့တီထွင်လို့
လောကကြီးကို အရောင်ခြယ်ဘောင်ခတ်ခဲ့ပါလိမ့်..

ပစ္စုပ္ပန်မှာတော့ ပင်ကိုယ်အသိစိတ်
ခန္ဓာရိပ်က လွင့်ထွက်လို့
မငိုအောင်တင်း မပြိုအောင်'ဟင်း' ချရင်း
ငါချစ်ခင်တဲ့ မိသားစုလေးကို
ငါလေ ကျောခိုင်းထွက်ခဲ့ရပြန်တယ်
မဆုံးနိုင်တဲ့ ကန္တာရခရီးရှည်တစ်ခု ဆက်လျှောက်ဖို့ပေါ့လေ...

အဆုံးသတ်



သံသယကြိုးတစ်ချောင်းနဲ့
နှစ်ဖက်ပြိုင်တင်းနေတဲ့
ချစ်သူနှစ်ဦးလွန်ဆွဲပွဲမှာ
ယုံကြည်မှူနဲ့ သစ္စာက
ဘယ်ချောင်မှာများ ပုန်းရှောင်နေကြပါလိမ့်...
ကြိုးစရဲ့ တစ်ဖက်စီက
ဒဏ်ရာကိုယ်စီနဲ့ မျက်ဝန်းအစုံ
သွေးအလိမ်းလိမ်းနဲ့ အဆိပ်သင့်နှလုံးသား
ခပ်စူးစူးအောင့်နေတဲ့ ဘယ်ဘက်ရင်ခွင်
တော်လိုက်စမ်းပါ အချစ်မိုးရယ်..
မင်းမသွန်းဖြိုးလဲ ရှိပါစေတော့။
လောင်မြိုက်နေတဲ့ ငါ့အသည်းကို
ငါ့မျက်ဝန်းက မိုးရေပူတွေနဲ့
ခပ်ပေါပေါ သွန်းလောင်းချလို့
ငါ့ကမ္ဘာက ဒီလွန်ဆွဲပွဲကို
ငါကိုယ်တိုင်ပဲ နိဂုံးချုပ်ပစ်လိုက်တော့မယ်..

ချစ်သူ့တမ်းချင်း



ချစ်သူရေ...
မင်းရဲ့ခြေရာ နှင်းမှူန်တောမှာ
ရှာဖွေလို့လျှောက် တကောက်ကောက်နဲ့
ငါလေနွမ်းလျမောခဲ့ပြီ...
ပေးခဲ့ဒဏ်ရာ ဝေးရချိန်မှာ
ရင်ကိုထိုးဖောက် စိတ်ကိုနှောက်လို့
ငါရဲ့ နှလုံးသားပဲ့ကြွေပြီ...
ချစ်မိသူမှာ ရင်နာဆဲမို့
ကျောခိုင်းခဲ့စဉ် ဟိုချိန်ခါမှ
နှစ်လရက်ကြာ ယနေ့တိုင်အောင်
ငါ့ခေါင်းအုံးလေး စွတ်စိုဆဲပါ
တမ်းတမျက်ရည်တွေနဲ့လေ....